နေစကြာဝဠာ အတွင်း သက်ရှိများ ပထမဆုံး ပေါက်ဖွားလာသည့် ဘူမိနက်သန် နေရာသည်
ကမ္ဘာမြေ မဟုတ်ဘဲ မားဂြိုဟ်သာ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင် တစ်ဦးက
ကောက်ချက်ချ ပြောဆိုခဲ့သည်။ ယနေ့ နေစကြာဝဠာ အဖွဲ့အစည်းအတွင်း သက်ရှိများ
မှီတင်းနေထိုင်နိုင်သည့် တစ်ခုတည်းသော နေရာသည် ကမ္ဘာဂြိုဟ်ဟု
သတ်မှတ်ထားသော်လည်း ကမ္ဘာပေါ်ရှိ သက်ရှိဇီဝဓာတ်၏ မူလအစသည် ဂြိုဟ်နီကြီးဟု
တင်စားခေါ်ဝေါ်ခြင်း ခံရသည့် မားစ်တွင် ဖြစ်နိုင်ကြောင်း သုတေသန ရလဒ်သစ်
တစ်ခုကို အထင်ကရ သိပ္ပံကွန်ဖရင့် တစ်ခုတွင် တင်သွင်းလာခဲ့ခြင်း ဖြစ်သည်။
ယခုကောက်ချက်သည် သက်ရှိဇီဝဓာတ် အစပြုရန် လိုအပ်သည့် အစောဆုံး မော်လီကျူး
ဖွဲ့စည်းမှု စံနမူနာ ပုံစံများကို အခြေခံ တွက်ချက်ကာ ဖော်ထုတ်လာခြင်းဟု
သိရှိရသည်။
အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့တွင် ပြုလုပ်ကျင်းပသည့် ဂိုးလ်ရှမစ်ဒ်
သိပ္ပံကွန်ဖရင့်တွင် သက်သေ အထောက် အထား များကို အခြေခံ ထုတ်နုတ်သည့်
ယခုတွေ့ရှိမှု အသစ်ကို ပရော်ဖက်ဆာ စတီဗန်ဘန်နာက တင်သွင်းလာခြင်း ဖြစ်သည်။
သက်ရှိမော်လီကျူး ဖွဲ့စည်းမှု အပိုင်းအခြား (၃)မျိုးဖြစ်သည့် RNA၊ DNAနှင့်
ပရိုတိန်းတို့၏ ဖြစ်တည်မှု သီအိုရီများကို အခြေခံကာ မားစ်ဂြိုဟ်ပေါ်တွင်
သက်ရှိများ ရှေးကနဦး ကာလများက ရှင်သန် ပေါက်ဖွားခဲ့ကြောင်း ပရော်ဖက်ဆာ
ဘန်နာက ပြောကြားသွားသည်။ ၎င်းက ကမ္ဘာမြေပေါ်တွင် ပထမဆုံး သက်ရှိ ဇီဝဓာတ်များ
စတင်ဖြစ်တည်လာသည့် အချိန်ထက် နှစ်ပေါင်း သန်း(၃၀၀၀)မျှစောကာ မားစ်တွင်
သက်ရှိရပ်ဝန်းတစ်ခု ဖြစ်တည်ခဲ့ကြောင်း ယုံကြည်နေသည်။
ဂြိုဟ်နီကြီးတွင် သက်ရှိဖြစ်တည်မှု စတင်ခဲ့ကြောင်း အယူအဆသည် အငြင်းပွားဖွယ်
ဖြစ်နေသော်လည်း ပရော်ဖက်ဆာ ဘန်နာ၏ သီအိုရီကို ထောက်ခံသူများလည်း
ရှိနေခဲ့သည်။ အမေရိကန်နိုင်ငံ၊ ဂီနက်စ်ဗီးလ်ရှိ ဝက်စ်သီမာ သိပ္ပံဌာနမှ
ပညာရှင်ကြီးကမူ မိမိ၏ အယူအဆသည် လက်တွေ့နှင့် နီးစပ်မည်ဟု ယုံကြည်နေ သည်။
လတ်တလောတွင် မားစ်ဂြိုဟ်ပေါ် ဆင်းသက်ထားသည့် Curiosity ဂြိုဟ်ဆင်းယာဉ်မှ
ပြန်လည်ပေး ပို့နေသော အချက်အလက်များက မားစ်မျက်နှာပြင်တွင် သက်ရှိများ
လုံးဝ ရှင်သန်နေထိုင်နိုင်မှု မရှိကြောင်း ညွှန်ပြ လျှက်ရှိသည်။ သို့သော်လည်း
တစ်ချိန်က မားစ်ဂြိုဟ်ပေါ်တွင် ရေဖွဲ့စည်းမှု ဖြစ်ပေါ်ခဲ့ကြောင်း
ယုံကြည်နိုင်လောက် သည့် အထောက်အထား အချို့ကလည်း ပရော်ဖက်ဆာ ဘန်နာ၏ စိတ်ကူး
စိတ်သန်းကို အထောက်အကူ ပြုနေသည်။
ပရော်ဖက်ဆာ ဘန်နာက "Molybdenum သတ္တု ဓာတ်ဆားတွေဟာ အောက်စီဂျင် ဓာတ်ပြုမှု
မြင့်မားလာတဲ့အခါ ရှေးဦး သက်ရှိတွေ ပေါက်ဖွားဖြစ်တည်မှုကို လွှမ်းမိုး
သက်ရောက်လာနိုင်ပါတယ်။ ကမ္ဘာကြီးရဲ့ အစောဆုံး နေ့ရက်တွေတုန်းက ဒီသက်ရောက်မှု
လုံးဝ ဖြစ်ပေါ်နိုင်ခြေ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ အရမ်းရှေးကျနုနယ်တဲ့
သက်တမ်းတုန်းက ကမ္ဘာပေါ်မှာ အောက်စီဂျင် နည်းနည်းပဲ ရှိသေးတယ်။ အဲဒီအချိန်
မားစ်ဂြိုဟ်ပေါ်မှာ အောက်စီဂျင်ဓာတ် အများကြီး ဖြစ်နေပြီ"ဟု ရှင်းပြခဲ့သည်။
၎င်းက ထိုအချိန်က မားစ်ဂြိုဟ်၏ ပတ်ဝန်းကျင်သည် ယနေ့ထက်ပင် ပိုမို
ခြောက်သွေ့နိုင်ကြောင်းလည်း ဆိုသည်။
ပရော်ဖက်ဆာ ဘန်နာက "မားစ်ဟာ ကမ္ဘာထက် ပိုပြီးတော့ အောက်စီဂျင်
ဓာတ်ပြုဝါးမြိုမှု ပိုများခဲ့ပါတယ်။ ပိုလည်းခြောက်သွေ့တယ်။ ကမ္ဘာမြေပေါ်မှာ
အဆင်မပြေတဲ့ ဓာတုပေါင်းစပ်မှုတွေက အဲဒီအချိန် မားစ်ဂြိုဟ်ပေါ်မှာ
အလုပ်ဖြစ်နေခဲ့ပုံရတယ်။ ပြောရမယ်ဆိုရင် တကယ်တမ်းမှာ ကျွန်တော်တို့
လူသားတွေဟာ မားစ်ဂြိုဟ်ရဲ့ ဆက်ခံသူတွေတောင် ဖြစ်နိုင်ပါတယ်။ မားစ်မှာ
သက်ရှိတွေ စတင်ပေါက်ဖွားလာတယ်။ ပြီးတော့မှ အဲဒီက ပြိုကွဲထွက်လာတဲ့
အစိတ်အပိုင်းမျိုးမှာ ကပ်ငြိလာတဲ့ သက်ရှိဇီဝဓာတ်က ကမ္ဘာမြေပေါ်
ရောက်လာခဲ့တာမျိုး ဖြစ်နိုင်ပါတယ်"ဟုလည်း မှတ်ချက်ပြုခဲ့သည်။
ဆက်လက်၍ ပရော်ဖက်ဆာ ဘန်နာက "ကျွန်တော်တို့ ကမ္ဘာမြေမှာ ရှိနေတာ၊
သက်ရှိတွေရဲ့ အဆုံးသတ် ရပ်တည်တဲ့ နေရာဟာ ကမ္ဘာမြေ ဖြစ်လာတာ ကံကောင်းပါတယ်။
တကယ်တမ်းက ဇီဝဓာတ် ဖြစ်တည်ပြီးတဲ့နောက် ရှည်ကြာအောင်
ဆက်ထိန်းသိမ်းနိုင်ဖို့ အတွက်ကျတော့ ကမ္ဘာက မားစ်ထက် အများကြီး
ပိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်မျိုး ဖွဲ့စည်းထားတာပါ။ ခုချိန်မှာ မားစ်ဟာ
ဘာသက်ရှိမှ မရှင်သန်တဲ့ နေရာတစ်ခုလို့ ယူဆထားကြပါပြီ။ တကယ်လို့များ
ကျွန်တော်တို့ ယူဆထားတဲ့အတိုင်း သက်ရှိဇီဝဖြစ်တည်မှုရဲ့ ဘိုးဘေး အဦးအစ
အထောက်အထားတွေကို မားစ်ဂြိုဟ်မှာ တွေ့ရှိလာမယ် ဆိုရင်တော့ နောက်ထပ်
စကားများများ ပြောနေစရာ မလိုလောက်တော့ဘူးပေါ့"ဟုလည်း ပြောကြားသည်။
နေကို ဗဟိုပြု လှည့်ပတ်နေသော ဂြိုဟ်များအနက် စတုတ္ထမြောက် ဂြိုဟ်ပတ်လမ်းတွင်
ရှိနေသည့် မားစ်သည် နေအဖွဲ့အစည်းအတွင်း ဒုတိယ အသေးဆုံး ဂြိုဟ်လည်းဖြစ်သည်။
ဂြိုဟ်တွင် သတ္တုများ၊ ကျောက်များဖြင့်သာ ဖွဲ့စည်းထားပြီး
သံအောက်ဆိုက်ဒ်ဓာတ် လွန်ကဲပျံ့နှံ့နေသည့် အခြေအနေကြောင့် မျက်နှာပြင်သည်
နီမြန်းသော အရောင်မျိုး ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
No comments:
Post a Comment